Friday, January 14, 2011

မီးအိမ်ရှင်

video

ငါ့ဘဝရဲ့ မီးအိမ်ရှင်ပါ...
ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်လေးပါ...
ငါ့ဘဝရဲ့ တန်ခိုးရှင်ပါ ...
ငါ့ဘဝရဲ့ အားအင်ပေါ့...
နင်ဟာ လမင်းလေးပါ....

အထီးကျန်စွာ နေခဲ့တဲ့ ငါ့ဘဝထဲကို ဝင်ရောက်လာပြီး လင်းလက်မှုတွေ ပေးကာ စိုပြည်လန်းဆန်းစေခဲ့တဲ့
ချစ်သူ မင်းက ငါ့ဘဝရဲ့ မီးအိမ်ရှင်လေးပါပဲကွာ....

Saturday, November 20, 2010

နီးစပ်ခြင်း သဘောတရား


တမြေစီ ခြားနေခဲ့
တနယ်စီ ဝေးနေပေခဲ့ရ
မဆုံနိုင်အောင် ဘယ်သူတွေ ခြားထားလဲ...

ပင်လယ်တွေ ခြားနား
တောင်တန်းတွေ ကာဆီး
ဒါပေမယ့် ချစ်သူ
ငါတို့ နှစ်ယောက်က
ကောင်းကင် တစ်ခုတည်း အောက်မှာပါ...

မင်းနဲ့ငါကြား
ဘယ်လို စည်းတွေ ခြားထားလဲ
ဘယ်လို တံတိုင်းတွေ ကာထားလဲ
ဒါတွေက ငါ့အတွက် မှုစရာ မဟုတ်ပါဘူး ချစ်သူ

ချစ်သူ....
ငါတို့ နှစ်ယောက်
အပြင်မှာ မဆုံဖြစ်ကြပေမယ့်
ရင်ထဲမှာ စစ်မှန်တဲ့ အချစ်
ဒါကို ဘယ်သူ ချေဖျက်လို့ ရမှာလဲ....

ဘယ်လိုပဲ ဖြစ်နေပါစေ
ငါ့ရင်ထဲမှာ မင်း
မင်းရင်ထဲမှာ ငါ
တစ်ယောက်ကို တစ်ယောက်
လွမ်းဆွတ်စွာနှင့်
ချစ်ခြင်းတရား ခိုင်မြဲနေသမျှ
ဝေးကွာနေပေမယ့်
အမြဲ နီးစပ်နေမှာပါ ချစ်သူ...


Sunday, October 3, 2010

အဖော်မဲ့ လွမ်းချင်း

ငါ့ရဲ့ မနက်ဖြန်တိုင်းက
မင်းသာ အနားဝယ် ရှိမယ်ဆို
အရာအားလုံးက ရှင်သန်နေမယ် ထင်ပါရဲ့…။

လွမ်းဆွတ်မိတိုင်းမှာပေါ့...
နာကျင်လှုပ်ခတ်သွားတဲ့ ငါ့နှလုံးသားကို
ငါ အကြိမ်ကြိမ် အံ့ဩမိတယ် ချစ်သူ…။

ဖြေမသာတဲ့ ဒဏ်ရာချက်က
ထပ်ကာထပ်ကာ စူးနေတော့
ဗရပွနဲ့ ပေပွနေပြီ ချစ်သူ….။

မင်း သိနိုင်ပါ့မလား..
ငါ့ရဲ့ ရူးသွပ်မှုတိုင်းက
ဦးတည်ရာ မင်း ဆိုတာကိုလေ….။


Friday, October 1, 2010

နတ္ထိ

ငါနာကျင် ပေါက်ကွဲတိုင်းသာ
ပြင်းထန်တဲ့ အရှိန်နဲ့ မီးတောင် ဖြစ်မယ်ဆို
မင်းပြာကျနေပြီ…။

ငါ့ရင်မှာ ဘယ်လောက် တောက်လောင်နေလဲ
မင်းသာမြင်နိုင်မယ်ဆိုရင်
မင်းမျက်လုံး အရည်ပျော်လောက်ရဲ့…

ခက်ထန်ပါတယ် ဆိုတဲ့ မုန်တိုင်း
ငါ့စိတ်အလျဉ်ကို မှီနိုင်မယ် ထင်လား
မင်းသာ ကြည့်တတ်မယ်ဆိုရင်
မင်းရဲ့ စိတ်အလျဉ် အားလုံး လွင့်ပါးသွားမယ်…
ဒါပေမယ့် မင်း ဂရုစိုက်တာ ဘာလဲ…
မင်းလိုချင်တာ ဘာလဲ…
မင်းချစ်တာ ဘာလဲ…။

မသိခြင်းများစွာနဲ့
ငါက အရူးတစ်ယောက်လို
ဘာမှမရှိတဲ့ နှလုံးသားကို
ပွေ့ဖက် ရှင်သန်နေရဦးမှာလား…
မရေရာတဲ့ လမ်းများစွာမှာ…။

Monday, July 5, 2010

ယောက်ျားလေးလား မိန်းကလေးလား

ဒီအဖြစ်အပျက်ကလေး ကတော့ ရုရှားနိုင်ငံ မော်စကိုမြို့  ကလေးဆေးရုံ အမှတ် (၇) မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေး တစ်ခုပါ။ ရှားပါးတဲ့ အဖြစ်အပျက်လည်း ဖြစ်သလို စိတ်ဝင်စားစရာလည်း ကောင်းတဲ့ အတွက် ကျွန်တော် ဖတ်မိရာကနေ အားလုံး ဗဟုသုတ ဖြစ်စေရန်အတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။
မိခင်ဝမ်းကနေ လွတ်မြောက်လာတာ ၂ ပတ်မျှသာ ရှိသေးတဲ့ မွေးကင်းစ ကလေးတစ်ယောက်ဟာ လူလောကကြီးထဲကို ရောက်ရှိစမှာပဲ လူလောကကြီးထဲကနေ သူ့ကို ပြန်လည် ခေါ်ထုတ်သွားမယ့် ရောဂါတခုပါ တပါတည်း ခေါ်ဆောင် လာသလို ဖြစ်ခဲ့ ရပါတယ်။ အဲဒီကလေးကို မွေးစမှာ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက် အနေနဲ့ မွေးခဲ့ပေမယ့် မွေးပြီး ၂ ရက်လောက် အကြာမှာ မွေးကင်းစ ကလေးဌာနရဲ့ အရေးပေါ် အခန်းကို ပြောင်းရွှေ့  ခဲ့ရတယ်။ ကလေးက မကြာခဏ အော့အန်နေပြီး ခန္ဓာကိုယ်အတွင်း အရည်ဓာတ် ဆုံးရှုံးမှု လက္ခဏာ ပေါ်ပေါက်လာလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို စမ်းသပ် စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ယောက်ျားလေးလား မိန်းကလေးလား ဆုံးဖြတ်ရ ခက်တဲ့ အဖြစ်မျိုး ကြုံရပါတော့တယ်။ ကဲ ဓာတ်ပုံလေးတွေ ကြည့်ရအောင်ဗျာ။







အပြင် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ကြည့်ပြီး လူတိုင်းက ယောက်ျားလေးလို့ ပြောကြမှာပါပဲ။ မဟုတ်ပါဘူး။ တကယ်တော့ ဒီကလေးက မိန်းကလေး တစ်ယောက် ဖြစ်လို့ နေခဲ့ပါတယ်။သူ့မှာ ပါလာတဲ့ ရောဂါ တစ်ခုကြောင့် လိင်အင်္ဂါ အစိတ်အပိုင်းက ယောက်ျားလေး တစ်ယောက်လို ဖြစ်နေခဲ့တာပါ။ ခန္ဓာကိုယ်အတွင်း အင်္ဂါ ဖွဲ့စည်းမှု အစိတ်အပိုင်းက မိန်းကလေး တစ်ယောက် အင်္ဂါ အစိတ်အပိုင်း ဖြစ်လို့ နေခဲ့ပါတယ်။ ဒီရောဂါကို Congenital Adrenal Hyperplasia ( CAH ) or Adrenogenital Syndrome လို့ ခေါ်ပါတယ်။

CAH ဆိုတာ ဘာလဲ


ကျွန်တော်တို့ ကိုယ်ခန္ဓာ ကြီးထွားဖို့ အတွက် မရှိမဖြစ် လိုအပ်တာကတော့ စတီးရွိုက် ဟော်မုန်းဓာတ် (steroid hormone) ပဲ ဖြစ်ပါတယ်။ ဒီ ဟော်မုန်းဓာတ်က ကိုလက်စထရော ကနေပြီး အဆင့်ဆင့် ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲဖို့ အတွက် အင်ဇိုင်း (enzyme) လို့ ခေါ်တဲ့ ဓာတ်တမျိုးက ကူညီပေးပါတယ်။ ဒီလို အဆင့်ဆင့် ပြောင်းလဲပြီးမှ ဖြစ်လာတဲ့ စတီးရွိုက် ဟော်မုန်းဓာတ်မှာ ကော်တီစိုးလ် ဟော်မုန်း (cortisol) ၊ ကျား/မ ဟော်မုန်း (sex hormone) တွေ ပါဝင်ပါတယ်။ ဒီ ဟော်မုန်းကို ခန္ဓာကိုယ်အတွင်း မှာရှိတဲ့ Adrenal Gland ဆိုတဲ့ အစိတ်အပိုင်းကနေ ထုတ်ပေးပါတယ်။


CAH ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ထဲက ကော်တီစိုးလ် ဟော်မုန်းဓာတ် အားနည်းမှုကြောင့် ဖြစ်ပါတယ်။ ကိုလက်စထရော ကနေ အဆင့်ဆင့် ပြောင်းလဲမှုမှာ အားနည်းချက်များလို့ပဲ ဖြစ်ဖြစ် ၊ ကူညီပြောင်းလဲပေးတဲ့ အင်ဇိုင်း ပါဝင်မှု မလုံလောက်လို့ပဲ ဖြစ်ဖြစ် ကော်တီစိုးလ် ဓာတ်က နည်းသွားပါတယ်။ အဲဒီလို နည်းသွားတဲ့ အခါမှာ ဦးနှောက်ထဲက ပစ်ကျူတရီ ဂလင်း (pituitary gland) က ကော်တီစိုးလ် ဟော်မုန်းကို လုံလောက်တဲ့ ပမာဏ ရလာအောင် လှုံ့ ဆော်ပေးပါတယ်။ အဲဒီ အခါမှာ Adrenal Gland သာမန်ထပ် ပိုပြီး အလုပ် လုပ်ရသလို ဟော်မုန်းတွေကိုလည်း များများ ပိုထုတ်ပေးရပါတယ်။ ဒီဟော်မုန်းတွေမှ ဟော်မုန်း တစ်မျိုးက ယောက်ျားဟော်မုန်း ဖြစ်တဲ့ (testosterone) ကဲ့သို့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မွေးလာတဲ့ ကလေးဟာ ကျားဟော်မုန်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ယောက်ျားလေးတွေမှာ ယောက်ျား လိင်အင်္ဂါ ပိုမို ထင်ရှား လာသလို မိန်းကလေးတွေမှာလည်း ယောက်ျားလေး တစ်ယောက်ရဲ့ လက္ခဏာမျိုးတွေ ပိုင်ဆိုင် လာရပါတယ်။


လက္ခဏာ အနေနဲ့ကတော့ မိန်းကလေး တစ်ယောက်ရဲ့ အင်္ဂါဇတ် (clitoris) ဟာ ယောက်ျားလေး တစ်ယောက်ရဲ့ အင်္ဂါဇတ် (penis) ကဲ့သို့ ကြီးထွားလာပါတယ်။ ယောနိဝ လမ်းကြောင်းမှာ ရှိတဲ့ Labium တွေက ပေါင်းစပ်သွားပြီး ယောက်ျား ကပ်ပယ်အိတ် ကဲ့သို့ ဖြစ်သွားပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အစိတ်အပိုင်းတွေကတော့ မိန်းကလေး အင်္ဂါရပ်အတိုင်းပဲ ကျန်ရှိပါတယ်။


ဒီကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ အရည်ဓာတ်ကို ထိန်းသိမ်းနိုင်မှု စွမ်းအား လျော့နည်းသွားတဲ့ အတွက် အရည်ဆုံးရှုံးမှု များပါတယ်။ ဒီလို ဖြစ်စဉ်က နှလုံးနှင့် သွေးလည်ပတ်မှုကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အတွက် အချိန်မှီ မသိရှိလျှင် ပြီးတော့ ထိရောက်တဲ့ ကုသမှုမျိုး မပေးနိုင်ဘူး ဆိုရင် အသက်သေသည်အထိ ဒုက္ခပေးနိုင်ပါတယ်။


အားလုံးပဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ ဗဟုသုတ ရစေဖို့ အလို့ငှာ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။